Monday, December 24, 2007

မြန်မာနိုင်ငံသားတွေ နယ်စပ်ကတဆင့် တရုတ်နိုင်ငံထဲ ခိုးဝင်ကာ တရုတ်လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေကို လာဘ်ထိုးပြီး မှတ်ပုံတင်အတုတွေနဲ့ ချက်ခြင်း တရုတ်နိုင်ငံသားတွေဖြစ်ကုန်ကြသည်။ ပီကင်း၊ ရှန်ဟိုင်း စတဲ့ မြို့ကြီးတွေဆီကို ရောက်သွားကြပြီး အိမ်ဝယ်၊ မြေ၀ယ်၊ လုပ်ငန်းတွေထောင်ကြနှင့် ကြီးပွားနေကြသည်။ မိမိတို့ လုပ်ငန်းအတွက် မြန်မာစာ၊ မြန်မာစကားတတ်ရမည်ဟူသော ကန့်သန့်ချက်ဖြင့် တရုတ်အလုပ်သမားတွေကို ခေါ်သုံးသည်။
ဒါကတော့ စိတ်ကူးယဉ် ဖြစ်ပါသည်။
တကယ့် လက်တွေ့မှာတော့ မြန်မာနိုင်ငံက ကချင်တိုင်းရင်းသူတွေ ဘ၀စားဝတ်နေရေး အခက်အခဲကြောင့် ဆွဲဆောင်ခံရလို့ပဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ ဖြစ်ဖြစ် တရုတ်မယားလုပ်ရန် လူပွဲစားတွေနဲ့ လိုက်သွားကြသည်။ တရုတ်လုပ်စာစားရဖို့နေနေသာသာ အကျင့်ကောင်း တာဝန်ကျေ တရုတ်ရဲတို့၏ ဖမ်းဆီးပြန်ပို့တာကို ခံရပြီး မိအေးနှစ်ခါနာ ဖြစ်ကြရသည်။

မြန်မာတွေ သန်းနဲ့ ချည်ပြီး နိုင်ငံပေါင်းစုံကို ထွက်ကာ ပညာသင်နေကြသည်။ အလုပ်လုပ်နေကြသည်။ အဲဒီ နိုင်ငံတွေကလည်း သူတို့ရဲ့နိုင်ငံမှာ လိုအပ်နေတဲ့ စီးပွားရေးသမား၊ ပညာတတ်၊ အခြေခံအလုပ်သမား စသည် တို့ကို ကျွမ်းကျင်သူတွေနဲ့ သေသေချာချာတွက်ချက်ပြီး တခြားနိုင်ငံသားတွေကိုခေါ်ယူကာ နေထိုင်ခွင့် ပေးတတ်ကြသည်။

ဒါပေမယ့် ခိုးဝင်လာသူတွေကို ငုတ်တုတ်ထိုင်ကြည့်နေသောနိုင်ငံ ဘယ်နိုင်ငံမှမရှိ။ ရှာဖွေဖမ်းဆီးပြီးပြန်ပို့သည်။
အထူးသဖြင့် သူတို့နိုင်ငံရဲ့တံဆိပ်တုံး အတုလုပ်တာမျိုး၊ လာဘ်ပေးပြီး မှတ်ပုံတင် အတုလုပ်တာမျိုး ကတော့ လုံးဝသည်းမခံ၊ တရားစွဲဆိုအပြစ်ပေးသည်။

အမိမြေကို တစ်လက်မမျှ ကျူးကျော်တာမခံ စစ်သွားတိုက်ကြ ဆိုပြီး လူစဉ်မမီတဲ့ လခသာစားရတဲ့ အောက်ခြေ တပ်မတော်သားတွေက သူလည်းသေ ကိုယ်လည်းသေ ကိုယ့်နိုင်ငံသား အိမ်ကြက်အချင်းချင်း မိအေးနှစ်ခါနာအောင် ခွပ်နေကြသောအချိန်တွင် ခိုးဝင် မှတ်ပုံတင်အတုနဲ့ တရုတ်တွေက တစ်ဧကပြီး တစ်ဧကနဲ့ မြေ၀ယ်ခြံ ၀ယ် သိမ်းပိုက်နိုင်တာ ကမ္ဘာပေါ်မှာ မြန်မာတစ်နိုင်ငံတည်း ရှိပါသည်။

အသက်မပြည့်သေးတဲ့ ၁၃နှစ်၊ ၁၄နှစ် ကလေးတွေကို ကိုယ်ချင်းမစာ စစ်တပ်ထဲခေါ်ခိုင်းနေတဲ့ ကာကွယ်ရေးဦးစီးချုပ်ဆိုသူရဲ့ မြေးဖြစ်သူ ဖိုးလပြည့်ကတော့ ဒီနှစ်မှာ ၁၀တန်းအောင်သွားပါပြီ။ သူ့အဖိုးနဲ့အဖေ တို့လို အမိမြေကို တစ်လက်မမျှကျူးကျော်တာမခံ၊ စစ်တိုက်ဖို့အတွက် ကြိုက်နှစ်သက်ရာ တပ်မတော်ဗိုလ်လောင်းသင်တန်းကျောင်းကို တက်နိုင်ပါပြီ။ ကာကွယ်ရေးဦးစီးချုပ်ဆိုသူက ကိုယ့်ရဲ့သွေးသားအလှည့်ကြတော့ ဘယ်လိုလုပ်မယ်ဆိုတာ မကြာခင်လပိုင်းအတွင်းမှာ စိတ်ဓါတ်သိရပါတော့မည်။

တချိန်က မြန်မာ့မြေပေါ်ကို ကူမင်တန်တရုတ်ဖြူတွေ ဘယ်လောက် ကျူးကျော်ခဲ့ပါသလဲ။
မြန်မာ့မြေကို ဘယ်နှစ်လက်မ ရသွားကြပါသလဲ။
အမိမြေအတွက် မျိုးချစ်မြန်မာ့စစ်သည်တော်တွေ ဘယ်နှစ်ယောက် အသက်ပေးခဲ့ကြရပါသလဲ။

ယခု ခိုးဝင် မုတ်ပုံတင်အတုနဲ့ တရုတ်ဦးရေဘယ်လောက်က မြန်မာ့မြေကို ဧကပေါင်းဘယ်လောက် ပိုင်ဆိုင်ထားပြီးပါပြီလဲ။
ကိုယ့်ဟာနဲ့ကိုယ်တောင် စားသောက်နေထိုင်မှု မပြည့်စုံတဲ့ အိမ်တစ်အိမ်ပေါ်ကို နောက်ဖေး ပေါက်က သူစိမ်း တသန်း တက်လာရင်၊ အိမ်ရှင် တသန်းငတ်တာပါပဲ။
အခု ဘိုးစဉ်ဘောင်ဆက် လည်ပင်းဖက်နေခဲ့ကြသူတွေပင် ပြဿနာတွေက မပြီးသေး။ တချိန်မှာ ခိုးဝင်တရုတ်တွေရဲ့ မြေယာပိုင်ဆိုင်မှု၊ ဓနပိုင်ဆိုင်မှု၊ လူဦးရေ၊ ယဉ်ကျေးမှုပျံ့နှံ့အား တွေ အရ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေ တောင်းတာတွေ ဖြစ်လာခဲ့သော်၊ သူတို့ပြည်တွင်းရေး သူတို့ဖြစ်နေကြတာလို့ တရုတ်နိုင်ငံက ၀င်မစွက်ဘဲ ထိုင်ကြည့် နေပါမည်လား။
ထို့ကြောင့် မြန်မာ့ တပ်မတော်သက်တမ်းတလျှောက်တွင် လုံးဝမရှိခဲ့ဖူးသော နိုင်ငံသစ္စာဖေါက်၊ လူမျိုးသစ္စာဖေါက်၊ အမျိုးသားသစ္စာဖေါက်၊ တရုတ်နိုင်ငံ၏ သစ္စာခံ အလိုတော်ရိ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား အမိမြန်မာမြေနှင့် အနာဂတ်မြန်မာ့မျိုးဆက်များအတွက် ဆုငွေထုတ်လိုက်ပါသည်။

No comments:

 
/* EOT ----------------------------------------- */